Events

အက်ခ်မက်-ကိုရီးယားစီမံကိန်း၏ တတိယအကြိမ်သင်တန်းအစီအစဉ်ဖြစ်သည့် “အုန်းသီးတန်ဖိုး မြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်း” ဖွင့်လှစ်ခြင်း

Updated At: 2023-10-02 15:09:20

DSC_5757

         စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်း လုပ်ငန်းအစီအစဉ်အရ အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်းနည်းပညာပေးသင်တန်း ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ရက်နေ့၊ နံနက် (၉:၀၀) နာရီအချိန်တွင် မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပါသည်။

          သင်တန်းဖွင့်ပွဲအခမ်းနားသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ စုစုပေါင်း (၆၀) ဦး တက်ရောက်ခဲ့ကြပါသည်။

          ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် သင်တန်းသားများအနေဖြင့် သင်တန်းမှပို့ချမှုများကို ပြန်လည်အသုံးချ၍ အုန်းသီးအခြေခံစားသောက်ကုန်ပစ္စည်းများထုတ်လုပ်ပြီး ပြည်တွင်းသာမက ပြည်ပသို့တင်ပို့နိုင်တဲ့အထိ အကျိုးကျေးဇူးရရှိနိုင်သောကြောင့် တတ်မြောက်အောင် သင်ကြားရန်လိုအပ်ကြောင်း၊  မြန်မာနိုင်ငံမှထွက်ရှိသော အုန်းသီးအစိုနှင့် အခြောက်များတင်ပို့မှုသည် ယခင်နှစ်ကထက် တင်ပို့မှုလျော့နည်းနေသောကြောင့် ပိုမိုတိုးမြှင့်တင်ပို့နိုင်ရေး ကြိုးပမ်းကြရမှာဖြစ်ကြောင်း၊ စီမံကိန်းမှ ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များမှတစ်ဆင့် အုန်းသီးစိုက်ပျိုးထုတ်လုပ်သူများနှင့် အုန်းသီးထုတ်ကုန်ထုတ်လုပ်သည့် လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း၊ စီမံကိန်းမှ ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များ အောင်မြင်အောင် ပူးပေါင်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်းဖြင့် ပြောကြားခဲ့ပါသည်။

         ဆက်လက်၍ သင်တန်းပို့ချခြင်းအစီအစဉ်ကို နံနက် (၁၀:၀၀) နာရီအချိန်တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက်ဖွံဖြိုးရေးဝန်ကြီးဌာန၊သင်တန်းခန်းမတွင် ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။

       သင်တန်းတွင် အုန်းသီးအခြေခံ စားသောက်ကုန်ပစ္စည်းများဖြစ်သည့် အုန်းသီးရေခဲမုန့်၊ အုန်းစိမ်းဂျယ်လီ၊ အုန်းဆီ၊ အုန်းနို့မှုန့်၊ အုန်းသီးချိုချဉ်စသည်တို့ကို ပြုလုပ်ခြင်းနှင့် ရေချိုးဆပ်ပြာ၊ အုန်းမီးသွေးကဲ့သို့သော တန်ဖိုးမြှင့်အုန်းထုတ်ကုန်များ ပြုလုပ်ခြင်းတို့ကို ပြည်တွင်းကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချပေးမည်ဖြစ်ပါသည်။ သင်တန်းကို ၂၀၂၃ ခုနှစ်၊  အောက်တိုဘာလ ၂ ရက် နေ့မှ ၄ ရက်နေ့အထိ (၃) ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ပြီး စုစုပေါင်း သင်တန်းသား (၃၄) ဦးတက်ရောက်ကြမည် ဖြစ်ပါသည်။

        သင်တန်းပထမနေ့တွင် သုတေသနနှင့်တီထွင်ဆန်းသစ်မှုဦးစီးဌာန၊ သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးက အုန်းသီးတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ခြင်းကို စာတွေ့သင်ကြားပို့ချခြင်းနှင့် ထုတ်ကုန်များ စမ်းသပ်ထုတ်လုပ်ခြင်းကို လက်တွေ့သရုပ်ပြသင်ကြားပို့ချခဲ့ကြောင်း သတင်းရရှိပါသည်။